လူ့အဖွဲ့အစည်းတိုင်းမှာ
စီးပွားရေးစံနစ်တစ်ခုစီ ရှိကြပါတယ်..။ စီးပွားရေးစံနစ်တစ်ခုဟာ (၁) ဘာကုန်စည်တွေကို
ထုတ်လုပ်မလဲ။ (၂) ဘယ်လိုထုတ်လုပ်မလဲ။ (၃) အဲဒီကုန်စည်တွေကို ဘယ်သူတွေ က ရမှာလဲ။
(၄) ပြောင်းလဲမှုကို ဘယ်လို လက်ခံယူမလဲ။ (၅) နည်းပညာ တိုးတက်မှု ကို ဘယ်လို
မြှင့်တင်ပေးမလဲ .. စတာတွေကို စဉ်းစား ဆုံးဖြတ်ရပါတယ်..။ စီးပွားရေးစံနစ်တွေ
ဆိုတာကလဲ သွင်းအားစုတွေကို ဘယ်သူတွေက ပိုင်သလဲ အရသော်လည်းကောင်း၊
စီးပွားရေးဆိုင်ရာ လုပ်ဆောင် ချက်တွေကို တွန်းအားပေးတဲ့၊ ပူးပေါင်း ညှိနှိုင်း
ဆောင်ရွက်တဲ့၊ ညွှန်ကြားတဲ့ နည်းစနစ်တွေ အရ သော် လည်းကောင်း
ကွဲပြားသွားကြပါတယ်..။ စီးပွားရေး စံနစ်တွေ မှာ အစွန်းရောက် စံနစ် ၂ ခု
ရှိပါတယ်..။ ဗဟို ချုပ်ကိုင်စနစ်ဖြစ်တဲ့ ဆိုရှယ်လစ် သို့မဟုတ် ကွန်မြူနစ်စံနစ် နဲ့
ဈေးကွက် စီးပွားရေးစံနစ် သို့မဟုတ် အရင်းရှင်စံနစ်ဘဲ ဖြစ်ပါတယ်..။ အခု ဈေးကွက်စီးပွားရေးစံနစ်ကို
အလေးပေးပြီး ရေးသားချင်ပါတယ်..။
၁။ ဗဟိုချုပ်ကိုင်စံနစ်
ဒီစံနစ်မှာ အစိုးရက သယံဇာတ resources
အများစုကို ပိုင်ဆိုင်ပါတယ်။ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက် တွေကို ဗဟို
စီးပွားရေး စီမံကိန်း မှတဆင့် ပြုလုပ်ပါတယ်။ အစိုးရက ခန့်အပ်ထားတဲ့ ဗဟို စီမံကိန်း
အဖွဲ့ကဘဲ သယံဇာတတွေ အသုံးချမှု၊ ထွက်ကုန် ပါဝင် ဖွဲ့စည်းမှု နဲ့ ဖြန့်ဖြူးမှု၊
ထုတ်လုပ်မှု အဖွဲ့အစည်း စတဲ့ အဓိကကျတဲ့ ဆုံးဖြတ်ချက် အားလုံးလောက်နီးပါး ကို
ပြုလုပ်ပါတယ်။ အစိုးရရဲ့ ညွှန်ကြားချက် အတိုင်း ထုတ်လုပ်ရတဲ့ စီးပွားရေးလုပ်ငန်း
အများစု ကိုလဲ အစိုးရကဘဲ ပိုင်ဆိုင်ပါ တယ်။ ဗဟို စီမံကိန်း အဖွဲ့ကနေ လုပ်ငန်း
တစ်ခုစီ အတွက် ထုတ်လုပ်မှု ရည်မှန်းချက်တွေကို ဆုံးဖြတ်ပေးတယ်။ အဲဒီ ရည်မှန်းချက်
တွေ ပြည့်မီဖို့ လုပ်ငန်း တစ်ခုစီ အတွက် သယံဇာတွေ ကိုလဲ ခွဲဝေ သတ်မှတ်ပေးတယ်။
အရင်းအနှီး ကုန်စည်နဲ့ စားသုံးကုန်စည် ကြား ထွက်ကုန် ဘယ်လောက် ထုတ်မလဲ ဆိုတာကိုလဲ
ဗဟိုကဘဲ ဆုံးဖြတ်တယ်။ ဗဟို စီမံကိန်း အဖွဲ့ရဲ့ ကာလရှည် ဦးစားပေးမှု ပေါ် အခြေခံပြီး
အရင်းအနှီး ကုန်စည် capital goods တွေကို စက်မှုလုပ်ငန်းတွေကြား ခွဲဝေပေးတယ်..။
ဗဟိုချုပ်ကိုင် စီးပွားရေးစံနစ် စစ်စစ် သည် အစိုးရပိုင် သယံဇာတ တွေကို ခွဲဝေ
သုံးစွဲဖို့ ဗဟို စီမံကိန်းပေါ်မှာဘဲ အထူးအားဖြင့်ကို မှီခို ကြရတယ်။ လက်တွေ့ဥပမာ
အနေနဲ့ ယခင် ဆိုဗီယက်ယူနီယံ နဲ့ တရုတ် တို့ဟာ ဗဟို ချုပ်ကိုင် စံနစ်ကနေ ဈေးကွက်
ဦးတည်တဲ့ စီးပွားရေး စံနစ်ကို အတိုင်းအတာ တစ်ခုအထိ ပြောင်းလဲ လာကြရ တယ်..။
၂။ ဈေးကွက်စီးပွားရေးစံနစ်
ဒီစံနစ်ကတော့ သယံဇာတတွေကို ပုဂ္ဂလိက
ပိုင်ဆိုင်တယ်.. စီးပွားရေး ဆိုင်ရာ လုပ်ဆောင်ချက် တွေကို ဦးဆောင် ညွှန်ကြားဖို့
ဈေးကွက်နဲ့ ဈေးနှုန်းတွေကို အသုံးပြုတယ်။ ဒီစံနစ် အတွင်း ပါဝင်ကြသူ များဟာ
မိမိကိုယ်ပိုင် စိတ်ဝင်စားမှု self-interest အရ လုပ်ဆောင် ကြတယ်။ တစ်ဦးချင်း နဲ့
စီးပွားရေး လုပ်ငန်းတွေသည် ထုတ်လုပ်မှု၊ စားသုံးမှု နဲ့ ပတ်သက်တဲ့ သူတို့ရဲ့
ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေက တဆင့် စီးပွားရေး ဆိုင်ရာ ရည်မှန်းချက်တွေကို ရှာဖွေ
ကြတယ်။ ဒီစံနစ်က အရင်းအနှီးကို ပုဂ္ဂလိက ပိုင်ဆိုင်မှုကို ခွင့်ပြုတယ်။ ဈေးနှုန်းတွေက
တဆင့် ဆက်သွယ်တယ်။ ဈေးကွက်တွေက တဆင့် စီးပွားရေး လုပ်ဆောင်ချက် တွေကို ပူးပေါင်း
ညှိနှိုင်း ဆောင်ရွက်တယ်။ လုပ်ချင်တဲ့သူ၊ လုပ်နိုင်တဲ့သူ မည်သူမဆို ကုန်စည်နဲ့
ဆောင်ရွက်မှု တွေကို ထုတ်လုပ် နိုင်တယ်။ သယံဇာတတွေကို ရောင်းချနိုင်တယ်။ ရလာဒ်က
ဘာလဲဆိုရင် ကုန်စည်နဲ့ သယံဇာတ တွေကို လွတ်လပ်စွာ ရောင်းဝယ် ကြသူတွေ ကြားမှာ
ပြိုင်ဆိုင်မှု ဖြစ်လာတာပါဘဲ။ ဒါကြောင့် စီးပွားရေး ဆုံးဖြတ်ချက်တွေ
ပြုလုပ်တာဟာ ကျယ်ကျယ်ပြန့်ပြန့် ကွဲလွဲ ကုန်တယ်။ ပိုက်ဆံ အမြတ် များများ
ရဖို့ အတွက် စီးပွားရေး လုပ်ငန်းတွေက တီထွင်ကြတယ် .. လုပ်ငန်းရှင်တွေက ကုန်ပစ္စည်း
အသစ်တွေ၊ နည်းလမ်း အသစ်တွေ ကို ရှေးဦး တီထွင်နိုင်အောင် ကြိုးစားကြတယ်။
အရင်းရှင် စံနစ်
စစ်စစ် မှာ "laissez-faire" လို့ခေါ်တဲ့ အခေါ်အဝေါ် ရှိတယ်။ အဓိပ္ပါယ်က
"let it be" တဲ့။ စီးပွားရေး စံနစ်ထဲကို အစိုးရက လုံးဝ မပတ်သက် ရတာပေါ့။
သဘောကတော့ အစိုးရ ပါဝင် ပတ်သက်မှုဟာ ဈေးကွက်စံနစ်ရဲ့ ထိရောက်တဲ့
လုပ်ဆောင်ချက် တွေကို အနှောင့်အယှက် ဖြစ်တယ် ပေါ့။ ဒါပေမဲ့ ၁၉၃၀ ခုနှစ်
ကမ္ဘာ့စီးပွား ပျက်ကပ် ကြီး ဖြစ်ပြီးတဲ့နောက်မှာတော့ အရင်းရှင်စံနစ် ကျင့်သုံးတဲ့
အမေရိကန်နိုင်ငံနဲ့တကွ အခြားနိုင်ငံများဟာ စီးပွားရေး အဆောက်အအုံ မှာ အစိုးရက
ပမာဏ အတိုင်းအတာ တစ်ခုအထိတော့ ပါဝင်လာကြတယ်။ အစိုးရက စီးပွားရေး တည်ငြိမ်မှုနဲ့
ဖွံ့ဖြိုး တိုးတက်နှုန်းအတွက် ကူညီတယ်။ ထုတ်လုပ်မှု နိမ့်ကျနေတဲ့ သို့မဟုတ် လုံးဝ
မထုတ်လုပ် နိုင်တဲ့ ကုန်စည်နဲ့ ဆောင်ရွက်မှု တွေကို ထောက်ပံ့ ပေးတယ်။
ပြီးတော့ ဝင်ငွေ ခွဲဝေမှုကို ပြင်ဆင် ပေးတယ်။ သို့သော် အစိုးရသည် ဘာကို ထုတ်လုပ်မလဲ။
ဘယ်လို ထုတ်လုပ် မလဲ။ ဘယ်သူတွေက ရမှာလဲ ဆိုတာကို ဆုံးဖြတ်တဲ့ သြဇာရှိ အရေးပါသော
စီးပွားရေး အင်အား တော့ မဟုတ်ပါဘူး။
ဈေးကွက် စီးပွားရေး စံနစ်ရဲ့ လက္ခဏာ
(၉)ရပ် ရှိပါတယ်..။
(၁) ပုဂ္ဂလိက ပိုင်ဆိုင်မှု
Private Property
ဈေးကွက် စီးပွားရေး စံနစ်မှာ မြေယာ၊
အရင်းအနှီး စတဲ့ သယံဇာတ သွင်းအားစု တွေကို ပုဂ္ဂလိက တစ်ဦးချင်းနဲ့ လုပ်ငန်းတွေက
ပိုင်ဆိုင်ပါတယ်။ ပုဂ္ဂလိက ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေး နဲ့ လွတ်လွတ်လပ်လပ်
တရားဝင် စာချုပ် ချုပ်ဆို ညှိနှိုင်းလုပ်ကိုင်နိုင်တဲ့ စံနစ်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ
လူတစ်ဦးချင်းနဲ့ လုပ်ငန်းများဟာ သူတို့ သင့်တော် အဆင်ပြေသလို သယံဇာတတွေကို
ရရှိနိုင်တယ်၊ အသုံးပြုနိုင်တယ်၊ စွန့်ပစ်နိုင်တယ်။ ဒီ အခွင့်အရေးဟာ ရင်းနှီး
မြှုပ်နှံမှု၊ တီထွင် ဖန်တီးမှု၊ လဲလှယ်မှု၊ ပိုင်ဆိုင်မှုကို ထိန်းသိမ်းမှု နဲ့တကွ
စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းကိုပါ အားပေးပါတယ်။ အခြား တစ်ယောက်ယောက် သို့မဟုတ်
အစိုးရက သူတို့ အကျိုးစီးပွားအတွက် အဲဒီ ပိုင်ဆိုင်မှုတွေကို သိမ်းယူနိုင်တယ်
ဆိုရင် ဘယ်သူကမှ သိုလှောင်ရုံမှာ ကုန် မဖြည့်ဘူး။ စက်ရုံ မဆောက်ဘူး။ လယ်ယာ
စိုက်ဖို့ မြေ မရှင်းဘူး။ ပုဂ္ဂလိက ပိုင်ဆိုင်မှု အခွင့်အရေးဟာ ကုန်စည်
လဲလှယ်မှုကို ချောမွေ့စေတယ်။ ပိုင်ရှင် တွေဟာလဲ ပိုင်ဆိုင်မှုတန်ဘိုးကို ထိန်းသိမ်းဖို့
တိုးတက်ဖို့ လုပ်ဆောင်တယ်။ လူတွေကို သူတို့ရဲ့ အချိန်နဲ့ သယံဇာတ တွေ သုံးပြီး
ကုန်စည်နဲ့ ဆောင်ရွက်မှု တွေ ပိုမို ထုတ်လုပ် စေနိုင်တယ်။
(၂) လွတ်လပ်စွာ
လုပ်ငန်းလုပ်ကိုင်နိုင်မှုနှင့် လွပ်လပ်စွာ ရွေးချယ်နိုင်မှု Freedom of Enterprise
and
Choice
Choice
ပုဂ္ဂလိက ပိုင်ဆိုင်မှုနဲ့ တော်တော်
နီးစပ်ပါတယ်။ လုပ်ငန်းရှင်တွေ၊ လုပ်ငန်းတွေဟာ ကုန်စည်နဲ့ ဆောင်ရွက်မှုတွေကို
ထုတ်လုပ်ဖို့၊ သူတို့ ရွေးချယ်ထားတဲ့ နှစ်သက်ရာ ဈေးကွက်မှာ ရောင်းနိုင်ဖို့
စီးပွားရေးဆိုင်ရာ သွင်းအားစုတွေကို လွတ်လွတ်လပ်လပ် ရရှိနိုင်၊
အသုံးချနိုင်ရပါမယ်။ ပိုင်ရှင်တွေက သူတို့ရဲ့ ပိုင်ဆိုင်မှု နဲ့ ငွေကြေး တွေကို
သူတို့ သင့်တော်တယ် ထင်သလို သုံးနိုင်၊ စွန့်ကြဲ ပေးကမ်းနိုင် ရပါမယ်။
အလုပ်သမား တွေအနေနဲ့လဲ သူတို့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ ဘယ်အလုပ်ကို မဆို ရရှိဖို့
ကြိုးစားနိုင်တယ်။ စားသုံးသူတွေအနေနဲ့ သူတို့ ဝင်ငွေက ခွင့်ပြုသလောက် သူတို့
လိုအင်တွေကို အကောင်းဆုံး ဖြည့်ဆည်းပေးမဲ့ ကုန်စည်နဲ့ ဆောင်ရွက်မှု တွေကို လွတ်လပ်စွာ
ဝယ်ယူနိုင် ရပါမယ်..။ သို့သော် တရားဥပဒေ ပြင်ပ ရွေးချယ်မှုတွေ ဖြစ်တဲ့
မူးယစ်ဆေး ရောင်းဝယ်တာ၊ လူ့ ကိုယ် အင်္ဂါ အစိတ်အပိုင်း ရောင်းဝယ်တာ တွေကတော့ ဥပဒေအရ
အရေးယူ ရမှာ ဖြစ်ပါတယ်။
(၃) မိမိဖာသာစိတ်ဝင်စားမှု
Self-Interest
ဈေးကွက်စံနစ်မှာ လွတ်လပ်တဲ့
ရွေးချယ်မှု တွေ လုပ်တိုင်း self-interest ဟာ အဓိက တွန်းအားကြီး တစ်ခု ဖြစ်ပါတယ်။
လုပ်ငန်းရှင် တွေကလဲ အမြတ် အများဆုံး ဖြစ်အောင်၊ အရှုံး အနည်းဆုံး ဖြစ်အောင်
ကြိုးစားမယ်။ သွင်းအားစုတွေကို ပိုင်ဆိုင်သူတွေကလဲ သူတို့ ပိုင်ဆိုင်တာ တွေကို ဈေးအမြင့်ဆုံးနဲ့
ရောင်းမယ်၊ ဌားမယ်။ အလုပ်သမား တွေကလဲ လစာ၊ အလုပ်ချိန်၊ ခံစားခွင့် အကျိုးကျေးဇူး၊
လုပ်ငန်းခွင် အခြေအနေ စတာတွေ အကောင်းဆုံးကို ပေးတဲ့ အလုပ်တွေကို ရှာပြီး သူတို့ရဲ့
စိတ်ကျေနပ်မှုကို အမြင့် ဆုံး ဖြစ်အောင် လုပ်မယ်။ စားသုံးသူ တွေကလဲ သူတို့
လိုချင်တဲ့ ကုန်စည် တွေကို အနိမ့်ဆုံး ဈေးနှုန်းနဲ့ ရအောင် လုပ်မယ်။ လိုအင်ကို
အမြင့်ဆုံး ဖြစ်အောင် အသုံးစရိတ် တွေကို ခွဲဝေ သုံးစွဲမယ်။
(၄) ပြိုင်ဆိုင်မှု
Competition
ဈေးကွက်စံနစ်ဟာ စီးပွားရေးဆိုင်ရာ
ယူနစ်တွေကြားမှာ (ဝယ်သူ၊ ရောင်းသူ၊ ထုတ်လုပ်သူ၊ စားသုံးသူ၊ အိမ်ထောင်စု၊ အလုပ်
သမား၊ စသည်) ပြိုင်ဆိုင်မှုပေါ် အမှီပြု နေပါတယ်။ ဒီ ပြိုင်ဆိုင်မှု ဟာလဲ ပြန်ရမဲ့
ငွေကြေးပေါ် မူတည်ပြီး လွတ်လပ်စွာ ရွေးချယ်မှု ပေါ် အခြေခံပါတယ်။ ရောင်းသူ၊
ဝယ်သူ များစွာဟာ ကုန်စည် ဈေးကွက်၊ သွင်းအားစု ဈေးကွက်မှာ လွတ်လပ်စွာ လှုပ်ရှား
ဆောင်ရွက်ကြ တယ်။ သူတို့ရဲ့ ကိုယ်ပိုင် စိတ်ဝင်စား မှု တွေအရ ဈေးကွက်ကို လွတ်လပ်စွာ
ဝင်နိုင်၊ ထွက်နိုင်တယ်။ ရောင်းသူ၊ ဝယ်သူ များစွာဟာ ဈေးကွက် အတွင်း
လွတ်လပ်စွာ လှုပ်ရှားကြလို့ ဘယ်သူကမှ ကုန်စည် သို့မဟုတ် သွင်းအားစု ရဲ့ ဈေးနှုန်းကို
ကြို သတ်မှတ်လို့ မရ တော့ဘူး။ တခြားသူ တွေက လျှော့ ရောင်းမှာ ကြောက်ရတယ်။
ပြိုင်ဆိုင်မှု ကြောင့် ထုတ်လုပ်သူ တွေဟာ လုပ်ငန်းတစ်ခု ကို ဝင်လာနိုင်၊ သို့မဟုတ်
ထွက်သွား ရနိုင်တယ်။ လုပ်ငန်းတစ်ခုဟာ
လွတ်လွတ်လပ်လပ် တိုးချဲ့နိုင်၊ ချုံ့နိုင်တဲ့အတွက် စီးပွားရေးအဆောက်အအုံမှာ
ပျော့ပျော့ ပြောင်းပြောင်းနဲ့ ပြုလွယ်ပြင်လွယ်တဲ့ အခြေအနေပေးပါတယ်။ ဒါမှလဲ
ဈေးကွက်က အမြဲ ထိရောက်နေမှာပါ။ လုပ်ငန်းတစ်ခုဟာ ဈေးကွက်ကို လွတ်လပ်စွာ ဝင်နိုင်၊
ထွက်နိုင်မှုဟာ စီးပွားရေး အဆောက်အအုံမှာ စားသုံးသူတွေရဲ့ နှစ်သက်မှုအပြောင်းအလဲ၊
နည်းပညာ အပြောင်း အလဲ၊ သွင်းအားစု ရနိုင်မှု အပြောင်းအလဲတွေကို ချိန်ထိုး ညှိနှိုင်း
ပေးလို့ရတယ်။ ထုတ်လုပ်သူ တစ်ဦးက ဈေးကွက် ပေါက်ဈေးထက် တင်ရောင်း လိုက်ရင် တခြား
ထုတ်လုပ်သူ တွေက ရောင်းရသွားမယ်။ အလုပ်သမား တစ်ယောက် ကို ဈေးကွက် ပေါက်ဈေး လစာ ထက်
လျှော့ပေး ရင် အဲဒီ အလုပ်သမားက တခြား အလုပ်ရှင် ဆီ ရောက်သွားမယ်။ လုပ်ငန်း
တစ်ခုဟာ နည်းပညာ အသစ် မထုတ်နိုင်ရင် အမြတ်ငွေတွေဟာ နည်းပညာသစ် ထုတ်နိုင်တဲ့
လုပ်ငန်းဆီ ရောက်ကုန်မယ်။
(၅) ဈေးကွက်များနဲ့
ဈေးနှုန်းများ Markets and Prices
အိမ်ထောင်စု တွေနဲ့ စီးပွားရေး
လုပ်ငန်းတွေက ပြုလုပ်တဲ့ ဆုံးဖြတ်ချက်ပေါင်း များစွာဟာ ဈေးကွက်တွေ နဲ့
ဈေးနှုန်းတွေအရ တစ်ခုနဲ့တစ်ခု မြင့်မြင့်မားမား ပူးပေါင်း ဆက်နွယ် နေကြပါ တယ်။
ဈေးကွက် ဆိုတာ ဝယ်သူ တွေနဲ့ ရောင်းသူ တွေကို ဆက်သွယ်ပေးတဲ့ အဖွဲ့အစည်းတစ်ခု၊
ယန္တရားကြီး တစ်ခုပါဘဲ။ ကုန်စည်ဈေးကွက်၊ သွင်းအားစု ဈေးကွက်တွေက ဝယ်သူ၊ ရောင်းသူတွေ
ပြုလုပ်တဲ့ ဆုံးဖြတ်ချက် တွေဟာ ကုန်စည်နဲ့ သွင်းအားစု ဈေးနှုန်း တွေကို ဆုံးဖြတ်
ပေးပါတယ်။ သွင်းအားစု ပိုင်ရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ စားသုံးသူတွေကို
သူတို့ရဲ့ စိတ်ဝင်စားမှု အရ လိုက်စား နိုင်အောင်၊ ရွေးချယ်နိုင်အောင် လမ်းညွှန်
ပေးတယ်။ ဈေးကွက်ရဲ့ အချက်ပြတာကို တုန့်ပြန် တဲ့သူတွေ၊ ဈေးကွက် စည်းမျဉ်းကို
အလေးထား လိုက်နာသူတွေဟာ အမြတ်၊ ဝင်ငွေ အများကြီး ရကြတယ်။ အဲလို မဟုတ်ရင်တော့ မရတဲ့
အပြစ်ဒဏ်ခံရတယ်။ ဒီ ဈေးကွက် ယန္တရားကြီး ကမှတဆင့် လူ့အဖွဲ့အစည်းဟာ ဘာကို ထုတ်လုပ်
သင့်သလဲ.. ဘယ်လို ထိထိ ရောက်ရောက်နဲ့ စနစ်တကျ ထုတ်လုပ်မလဲ.. ထုတ်လုပ်မှုရဲ့
အသီးအပွင့်တွေကို စီးပွားရေး အဆောက်အအုံ ကြီးမှာ ဖွဲ့စည်း ထားတဲ့ အဖွဲ့ဝင် တွေကြား
ဘယ်လို ဖြန့်ဖြူးမလဲ.. ကို ဆုံးဖြတ် ကြရ ပါတယ်..။
(၆) နည်းပညာနဲ့
အရင်းအနှီးကုန်စည် Technology and Capital Goods
ဈေးကွက်စံနစ်မှာ ပြိုင်ဆိုင်မှု၊
လွတ်လပ်စွာ ရွေးချယ်မှု၊ ကိုယ်ပိုင် စိတ်ဝင်စားမှု စတာတွေက နည်းပညာ အဆင့်မြင့်စေဖို့
အခွင့်အလမ်းနဲ့ စေ့ဆော်မှုကို လုပ်ပေးတယ်။ ကုန်စည်အသစ်၊ ထုတ်လုပ်မှု နည်းလမ်း
အသစ်ကရမဲ့ ငွေကြေးဟာ တီထွင်ဖန်တီးသူတွေကို ဆွဲဆောင် နေကြတယ်။ အဆင့်မြင့်
နည်းပညာနဲ့ အရင်းအနှီး ကုန်စည် တွေဟာ အရေးကြီး ပါတယ်။ ဘာကြောင့်ဆို ထုတ်လုပ်မှုမှာ
တိုက်ရိုက်အကျဆုံး နည်းလမ်းတွေဟာ ထိရောက်မှု အနည်းဆုံး ဖြစ်နေလို့ ပါဘဲ။ ဒီလို
ထိရောက်မှု မရှိတာကို ရှောင်ရှား နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့
အရင်းအနှီး ကုန်စည် တွေအပေါ်မှာ အားထားဖို့ပါဘဲ။ လယ်သမား တစ်ယောက်ဟာ လက်ဗလာ
သက်သက်နဲ့ ထွန်ယက်မဲ့အစား အရင်းအနှီး ကုန်စည်တွေ ဖြစ်တဲ့ ထွန်သွား၊ ထရက်တာ၊
စတာတွေကို အသုံးပြုရင် အကျိုး အမြတ် က ကြီးမားပါတယ်။ ပိုပြီး ထိရောက်တဲ့
ထုတ်လုပ်မှု နည်းလမ်းတွေဟာ ပိုပြီး များပြား ကြွယ်ဝတဲ့ ကုန်ထွက် ကို
ဖြစ်စေပါတယ်။
(၇) ဇောက်ချထုတ်လုပ်မှု
Specialization
ဈေးကွက်စီးပွားရေးစံနစ်ဟာ ဇောက်ချထုတ်လုပ်မှု
အပေါ်မှာ လုံးဝကို အားထား နေရ ပါတယ်။ ဇောက်ချ ထုတ်လုပ်မှုဟာ ကုန်စည်နဲ့
ဆောင်ရွက်မှု အကုန်လုံးကို ထုတ်လုပ်မဲ့ အစား ကိုယ့်အတွက် ပိုသာတဲ့ ကုန်စည်နဲ့
ဆောင်ရွက်မှု အနည်းငယ်ကို ထုတ်ဖို့ သယံဇာတ သွင်းအားစု တွေကို အသုံးပြုတာ။ ပြီးမှ
အဲဒီ ကုန်စည်တွေကို အခြားလိုချင်တဲ့ ကုန်စည်တွေနဲ့ လဲလှယ်တာ။ ဒီလို လုပ်တော့
ကုန်ထုတ်လုပ်မှုက မြင့်တက်လာတယ်။ အလုပ်သမားတွေကိုလဲ ကျွမ်းကျင်ရာ ဇောက်ချ လုပ်စေခြင်းဖြင့်
ပိုပြီး ထိရောက်တယ်။ အချိန်ကုန် သက်သာတယ်။ တစ်ခုထဲ ကို စွဲစွဲမြဲမြဲ လေ့လာ စေတယ်။
ပထဝီ အနေအထားအရလဲ ကိုယ့် ရေ၊ မြေ၊ သယံဇာတ နဲ့ ကိုက်ညီတဲ့ ကုန်စည်ကို ဇောက်ချ
ထုတ်လုပ်ခြင်း ဖြင့် စရိတ်စက သက်သာစွာနဲ့ အကောင်းဆုံး ထုတ်နိုင်တယ်။ ကိုယ့်ဆီမှာ
သက်သက်သာသာ နဲ့ ကောင်းကောင်း ထုတ်နိုင်တဲ့ ပစ္စည်း ကို ရောင်း၊ သူများ
ထုတ်ထားတဲ့ ကိုယ်လိုတဲ့ ပစ္စည်းကို ပြန်ဝယ်၊ ဒီလို လုပ်ခြင်းဖြင့် အကန့်အသတ် ရှိတဲ့
သယံဇာတ သွင်းအားစု တွေနဲ့ အကောင်းဆုံး၊ အထိရောက်ဆုံး ထုတ်လုပ် နိုင်တယ်။
(၈) ငွေကြေးကို
အသုံးပြုမှု Use of Money
ဈေးကွက်စီးပွားရေးစံနစ်မှာ နောက်ထပ်
ထင်ရှားတဲ့ လက္ခဏာ တစ်ရပ်ကတော့ ငွေကြေးပမာဏ မြောက်မြားစွာ အသုံးပြုခြင်းဘဲ
ဖြစ်ပါတယ်။ ငွေကြေး လုပ်ဆောင်ချက် တွေထဲ မှာ အဓိက အကျဆုံးက ဖလှယ်မှု ကိရိယာ အဖြစ်
အသုံးပြုခြင်း medium of exchange ဘဲ ဖြစ်တယ်။ ဇောက်ချ ထုတ်လုပ်မှုမှာ
လဲလှယ်မှု လိုအပ်တယ်။ ကုန်စည်ချင်း လဲလှယ်ရင် ဘာတာ စံနစ်ကို ပြန်ရောက်
သွားမယ်။ ဘာတာ စံနစ်ရဲ့ ရှုပ်ထွေးမှုတွေ ကို ငွေကြေးက ဖြေရှင်းပေးတယ်။ အခုဆိုရင်
စီးပွားရေး အဆောက်အအုံတွေဟာ စက္ကူ ပိုက်ဆံကို ငွေကြေးအဖြစ်၊ ကြားခံ ဖလှယ်မှု
ကိရိယာ အဖြစ် အသုံးပြုပြီး ကုန်စည်နဲ့ ဆောင်ရွက်မှု တွေကို လဲလှယ်ကြတယ်။ ဒီလို
လုပ်နိုင်ဖို့အတွက် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တိုင်းပြည် အသီးသီးက ကွဲပြားတဲ့
ငွေကြေးတွေ ကိုလဲ ရောင်းကြ ဝယ်ကြရတယ်။
(၉) တက်ကြွပြီး
အကန့်အသတ်ရှိသော အစိုးရ Active, but Limited, Government
ခေတ်မီ တိုးတက်နေတဲ့ စက်မှု စီးပွားရေး
အဆောက်အအုံတွေရဲ့ ဈေးကွက် စီးပွားရေး စံနစ်တွေမှာ တက်ကြွပြီး စွက်ဖက်မှု အကန့်အသတ်
ရှိတဲ့ အစိုးရတစ်ရပ် ရှိပါတယ်။ အစိုးရရဲ့ ဝင်ရောက် စွက်ဖက်မှုဟာ အကန့်အသတ်နဲ့
ဖြစ်မှသာ ဈေးကွက် စီးပွားရေး စံနစ်က အောင်မြင်တာပါ။ မတရားမှုတွေ မဖြစ်အောင်၊
ဥပဒေမဲ့ လုပ်ရပ်တွေ မဖြစ်အောင်၊ ပြည်သူ အားလုံး အတွက် အကာအကွယ် ဖြစ်အောင်၊
လုံခြုံမှု ရှိအောင် အစိုးရက ဈေးကွက် စီးပွားရေးမှာ တက်တက်ကြွကြွနဲ့
ပူးပေါင်း ပါဝင်ပြီး ဈေးကွက်ကို လွတ်လွတ်လပ်လပ် ရှင်သန်အောင် ထိန်းညှိပေး ရပါတယ်။
ဈေးကွက်စံနစ်ဟာ သယံဇာတ သွင်းအားစုတွေကို
ထိထိရောက်ရောက် အသုံးပြုနိုင်တဲ့ အတိုင်းအတာကို မြှင့်တင်ပေးပေမဲ့ ဈေးကွက်ဟာ
အောင်အောင်မြင်မြင် အလုပ် မလုပ်တော့ဘဲ ဈေးကွက် ပျက်ယွင်းမှု အခြေအနေ market failure
ဖြစ်တဲ့ အပြစ် ချို့ယွင်းချက်လဲ ရှိပါသေးတယ်။
အခုတော့ ဒီမှာ ခဏ နားလိုက်ပါဦးမယ်..။
McConnel, Brue, နှင့် Flynn တို့ရေးသားသော Eighteenth Edition "Economics" မှ ကိုးကား ဘာသာ ပြန်ပါသည်။
မိုးမြန်မာ