08 July, 2012

ငွေကြေးလုပ်ဆောင်ချက်များနှင့် ငွေကြေးအဓိပ္ပါယ်


တိုင်းပြည်တစ်ခုမှာ ငွေကြေးစံနစ် ကောင်းမွန်စွာ လည်ပတ်မှသာ ဝင်ငွေနဲ့ အသုံးစရိတ်တွေရဲ့ လည်ပတ် စီးဆင်းမှုကို အထောက်အပံ့ ဖြစ်ပါတယ်။ တိုင်းပြည်အနေနဲ့လဲ resources တွေကို ကောင်းမွန် ထိရောက်စွာ အသုံးပြုနိုင်ပြီး full employment ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ငွေကြေးစံနစ် ကောင်းကောင်း မလည်ပတ်တော့တာနဲ့ သယံဇာတ ခွဲဝေ အသုံးချ မှုတွေ ပျက်စီးကုန်ပြီး စီးပွားရေးအဆောက်အအုံရဲ့ ထွက်ကုန်၊ အလုပ်အကိုင် ရရှိမှုနှင့် ဈေးနှုန်းစတာတွေမှာ မတည်ငြိမ်မှုတွေ ဖြစ်စေပါတယ်။ အခု ဗဟိုဘဏ်ကလူများ သိပြီးဖြစ်တဲ့ ငွေကြေး လုပ်ဆောင်ချက်တို့၊ ငွေကြေးအဓိပ္ပါယ်တို့ စတာတွေ   ရေးသားမှာ ဖြစ်ပါတယ်.. သိပြီး သားတွေဖြစ်ပေမဲ့ သည်းခံပြီး ဖတ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်..။ 



The Functions of Money
          ငွေကြေးက လုပ်ရမဲ့အရာမှန်သမျှကို လုပ်ဆောင်တာဟာ ငွေကြေးဘဲ ဖြစ်ပါတယ်..။ ငွေကြေးရဲ့ လုပ်ဆောင်ချက်တွေ ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်..။
(၁) ဖလှယ်ရေးကိရိယာအဖြစ်ဆောင်ရွက်ပေးခြင်း (Medium of exchange)
ကုန်စည်နဲ့ ဆောင်ရွက်မှုတွေကို ဝယ်တဲ့ရောင်းတဲ့နေရာမှာ အသုံးပြုဖို့အတွက် ငွေကြေးကို ကြားခံ ဖလှယ်ရေး ကိရိယာ အနေနဲ့သုံးပါတယ်။ ဒီအချက်ကတော့ ငွေကြေးလုပ်ဆောင်ချက်တွေထဲမှာ အခြေခံ အကျဆုံးအချက်လဲ ဖြစ်ပါတယ်။ ကုန်စည် ချင်းတိုက်ရိုက် လဲလှယ်တဲ့စနစ်ရဲ့ အခက်အခဲတွေ၊ အရှုပ် အထွေးတွေကို ငွေကြေးက ဖြေရှင်းပေးပါတယ်။ ငွေကြေးကို ပေးချေမှုအဖြစ် လက်ခံကြ ပါတယ်။ resources (land, labor, capital, နဲ့ entrepreneurial ability) တွေကို ရောင်းချသူတွေကိုလဲ   ငွေကြေးနဲ့  ပေးနိုင်တယ်။ ကုန်ပစ္စည်းကို ထုတ်လုပ်ရောင်းချ သူတွေကိုလဲ ငွေကြေးနဲ့   ပေးချေနိုင် တယ်။ ဈေးထဲမှာ လိုချင်တာ မှန်သမျှကို ငွေကြေးနဲ့ ဝယ်ယူနိုင်တယ်.. အဲလိုအဆင်ပြေပြေနဲ့ လုပ်ဆောင်နိုင်တဲ့အတွက် လူ့အဖွဲ့အစည်းအတွက် အရပ်ဒေသ အလိုက် ဇောက်ချလုပ်ကိုင် ထုတ်လုပ်တာ ကို အထောက်အပံ့ ဖြစ်စေပါတယ်။
(၂) ငွေစာရင်းယူနစ်အဖြစ်ဆောင်ရွက်ခြင်း (unit of account)
ငွေကြေးဆိုတာ ငွေစာရင်းယူနစ်တစ်ခုလဲ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းက ကုန်စည်၊ ဆောင်ရွက်မှု နဲ့ သယံဇာတ ရင်းမြစ်တွေ များစွာရဲ့နှိုင်းယှဉ်တန်ဘိုးတွေကို တိုင်းတာတဲ့   ပေတံတစ်ခုအဖြစ်   ငွေကြေး ဆိုင်ရာယူနစ်ကို အသုံးပြုပါတယ်..။ ဥပမာ- မြန်မာနိုင်ငံမှာ “ကျပ်” ပေါ့။ ငွေကြေးကို လက်ခံနိုင်တဲ့   ငွေစာရင်းယူနစ်အဖြစ်နဲ့ ပစ္စည်းတစ်ခုစီရဲ့ ဈေးနှုန်းတွေကို   ငွေကြေးယူနစ်နဲ့ ဖော်ပြပါတယ်။ ဥပမာ - နွားတွေရဲ့တန်ဘိုးကို ပြောင်းဖူးတွေနဲ့ ဖော်ပြဖို့ မလိုတော့ပါဘူး။ အမျိုးမျိုးသော ကုန်စည်၊   ဆောင်ရွက်မှုနဲ့  သယံဇာတတွေရဲ့ ဈေးနှုန်းတွေကို ငွေကြေးယူနစ်နဲ့ အလွယ်တကူ   နှိုင်းယှဉ်နိုင်တဲ့ အတွက် သင့်တော်မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်ခြင်းကိုလဲ ကူညီပေးပါတယ်။    ပေးချေဖို့   ကြွေးမြီတွေ ကို သတ်မှတ်နိုင်ဖို့၊ အခွန်အတုတ်တွေ ကို ဆုံးဖြတ်နိုင်ဖို့၊ တိုင်းပြည်ရဲ့ GDP စတာတွေကို တွက် ချက်နိုင်ဖို့လဲ အသုံးပြုနိုင်ပါတယ်။
(၃) တန်ဖိုးကို သိုလှောင်ပေးသောအရာအဖြစ် ဆောင်ရွက်ခြင်း (store of value)
ငွေကြေးဟာ အခုကာလမှ အနာဂတ်ကာလသို့ ဝယ်ယူနိုင်စွမ်းအား (purchasing power) ကို ရွှေ့ပြောင်းပေးနိုင်တဲ့၊ တန်ဘိုးကိုသိုလှောင်ပေးတဲ့ အရာတစ်ခုအဖြစ်လဲ ဆောင်ရွက်ပေးပါတယ်။ ဆိုလိုတာကတော့ လူတွေဟာ နောင်တစ်ချိန်မှာ လိုအပ်တာကို အသုံးပြုနိုင်ဖို့အတွက် ငွေကြေးကို သိမ်းထားနိုင်ပါတယ်။ ပုံမှန် အတိုင်းကတော့ လူတွေဟာ ဝင်ငွေရလာတာနဲ့ ချက်ခြင်း အဲဒီ ဝင်ငွေ အားလုံးကို သုံးမပစ်ပါဘူး။ နောင်မှာ ဝယ်ယူနိုင်ဖို့အတွက် ငွေကြေးကို သူတို့ရဲ့ ဥစ္စာဓနတချို့ အဖြစ်နဲ့ သိမ်းထားပါတယ်။ မီးခံသေတ္တာထဲမှာ၊ သို့မဟုတ် checking account (current account) ထဲမှာ ထားထားတဲ့ ပိုက်ဆံသည် အခုကနေ နောက်ရက်သတ္တပတ် အနည်းငယ်၊ လအနည်းငယ်လောက် ကိုယ့်အတွက် သုံးနိုင်ပါတယ်။ ငွေဖောင်းပွမှု မရှိရင်ဖြစ်ဖြစ်၊ နဲနဲလေးဘဲ ရှိရင်ဖြစ်ဖြစ်   နောင်အသုံးပြုဖို့ အတွက် ကိုယ့်ရဲ့ ဥစ္စာဓနအဖြစ် သိမ်းဆည်းထားနိုင်ဖို့ ငွေကြေးကို ကိုင်ထားခြင်းသည် အန္တရာယ် မရှိတဲ့ နည်းလမ်းတစ်ခုလဲ ဖြစ်ပါတယ်။
(၄) အနာဂတ်ပေးချေမှု စံအဖြစ်ဆောင်ရွက်ခြင်း (standard for deferred payments)
     နောင်ကာလမှာ ပေးချေမှုပြုလုပ်ဖို့အတွက်လဲ ငွေကြေးကို စံအဖြစ်သတ်မှတ်ထားပါတယ်။ အခုငွေချေးတယ်။ နောင်မှာ    ပြန်ဆပ်မယ်။ အရင်းပေးချေတာ၊ အတိုးပေးချေတာတွေမှာ ငွေကြေးကို စံ အဖြစ် ထားပြီး အသုံးပြုပါတယ်။
       လူတွေဟာ ငွေကြေးအပြင် တခြားသော ပစ္စည်းများစွာ (အိမ်၊ ခြံ၊ ကား၊ stocks၊ bonds၊ အဖိုးတန် ရွှေ၊ လက်ဝတ်ရတနာ၊ တွင်းထွက်ကျောက်မျက်များ) ကိုလဲ ဥစ္စာဓန အဖြစ်သိမ်းထားနိုင်ပါတယ်။ ဒါပေမဲ့ ငွေကြေးမှာ တခြားပစ္စည်းတွေထက် သာလွန်နေတဲ့ အဓိကအချက်ကတော့ ငွေဖြစ်အလွယ်ဆုံး (most liquidity ) ဘဲ ဖြစ်ပါတယ်။ ငွေနဲ့ ကိုယ်လိုချင်တာကို ချက်ခြင်း ဝယ်လို့ရတာပေါ့။         ငွေဖြစ်လွယ်မှု (liquidity) ဆိုတာကတော့ ဝယ်ယူနိုင်စွမ်းအားကို လုံးဝမဆုံးရှုံးစေဘဲနဲ့ ကျယ်ကျယ်ပြန့်ပြန့် လဲလက်ခံနိုင်ပြီးတော့ လွယ်လွယ်ကူကူသုံးနိုင်တဲ့ ငွေကြေး ပုံစံအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲနိုင်တာဘဲ   ဖြစ်ပါတယ်။ ပစ္စည်းတစ်ခုဟာ ငွေဖြစ်လွယ်လေလေ  ငွေသား အဖြစ်သို့ မြန်မြန်ပြောင်းနိုင်လေပါဘဲ။
ငွေသားကတော့ အပြည့်အဝ ငွေဖြစ်လွယ်တာပေါ့။ ဒါပေမဲ့ အိမ်တစ်လုံးဆိုရင်   တော်တော် ကို ငွေဖြစ် မလွယ်တော့ဘူး။ ပထမ တစ်ချက်က အိမ်ကို ဝယ်ချင်တဲ့သူတွေ့ဖို့နဲ့ အရောင်းအဝယ်ဖြစ်မြောက် သွားဖို့က အချိန် တော်တော်ကြာကြာယူရတယ်။ ဒုတိယအချက်က အိမ်ကို ရောင်းလိုက်တဲ့အခါမှာ ပွဲခနဲ့ အခြားစာရွက်စာတမ်း လွှဲပြောင်းတဲ့ အခကြေးငွေ စတာတွေ ကို ပေးရတဲ့အတွက် purchasing power ဆုံးရှုံးမှု ဖြစ်စေတယ်။
စီးပွားရေးအဆောက်အအုံတစ်ခုသည် ငွေစက္ကူ (cash)၊ ငွေအကြွေ (coins)၊ စာရင်းရှင်အပ်ငွေ (current account deposits) (စာရင်းရှင်အပ်ငွေဆိုတာ check လက်မှတ်ရေးလို့ဘဲဖြစ်ဖြစ်၊ ATM စက်နဲ့ဘဲ ဖြစ်ဖြစ် အလွယ်တကူ ငွေထုတ်နိုင်တဲ့ checking account deposits ဖြစ်ပါတယ်)၊   ငွေစုဘဏ်အပ်ငွေ (saving account deposits)၊ အချိန်ဆိုင်းအပ်ငွေ (time deposits) နဲ့   ငွေကြေးဈေးကွက် စာချုပ်စာတမ်းများကို အတူတူစုဝယ်ရန် အတွက် ရှယ်ယာထည့်ဝင်ငွေများ (money market mutual funds) စတဲ့ ပုံစံ မြောက်မြားစွာသော ငွေကြေးတွေကို အသုံးပြုတယ်။ ငွေသားက အပြည့်အဝငွေဖြစ်လွယ်ပြီး တခြားပုံစံ ရှိတဲ့ ငွေကြေးတွေ ကတော့ ငွေသားအဖြစ်    ပြောင်းလဲဖို့ ခက်ခဲ တယ်။ ငွေသားလောက် ငွေဖြစ်မလွယ်ဘူးပေါ့။

ငွေကြေးအဓိပ္ပါယ်အကျဉ်း Money definition M1
ငွေကြေးဆိုတာ အရာဝတ္ထုတွေရဲ့ အရေအတွက်ပမာဏ stock ဖြစ်ပါတယ်။ ဝင်ငွေနဲ့မတူပါဘူး.. ဝင်ငွေက flow ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းက ငွေကြေးအဖြစ် အရာဝတ္ထုများစွာကို အသုံးပြုခဲ့ကြပါတယ်။ အခု လက်ရှိကတော့ ငွေစက္ကူနဲ့   ငွေအကြွေတွေပေါ့။ ကြားခံဖလှယ်ရေးကိရိယာအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံတာ မှန်သမျှဟာ ငွေကြေးဖြစ်ပါတယ်။    ငွေကြေးပမာဏ money supply ဆိုတာ   ငွေကြေးရဲ့ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ပေး တဲ့ အရာတွေအားလုံးရဲ့ စုစုပေါင်း ပမာဏ  ဖြစ်ပါတယ်.. ငွေကြေးပမာဏရဲ့ အဓိပ္ပါယ် အကျဉ်းကို M1 လို့ခေါ်ပါတယ်။ M1 ထဲမှာ ပါတာတွေ ကတော့ -

(၁) လူတွေရဲ့လက်ထဲမှာ လည်ပတ်နေတဲ့ ငွေစက္ကူနဲ့ငွေအကြွေ (currency) များ
(၂) စာရင်းရှင်အပ်ငွေ current account deposits တနည်း checking account deposits တို့ဖြစ်ပါတယ်။

အစိုးရအဖွဲ့အစည်းက ငွေစက္ကူနဲ့ ငွေအကြွေကို ဖြည့်ဆည်းပေးပြီး ကူးသန်းရောင်းဝယ်ရေး ဘဏ်တွေက စာရင်းရှင် အပ်ငွေတွေကို ဖန်တီးပေးပါတယ်။ ငွေစက္ကူနဲ့ ငွေအကြွေတွေကို token money လို့ခေါ်ပါတယ်။ အဲဒါကဘာအဓိပ္ပါယ်လဲ ဆိုရင် currency ရဲ့ မျက်နှာပြင်ပေါ်မှာ ဖော်ပြထားတဲ့တန်ဘိုး (face value) ဟာ အဲဒီ currency ကို ပြုလုပ်တဲ့ ကုန်ကျစရိတ် (intrinsic value) ထက်ကြီးတာ ကို ပြောတာပါ။ အဲဒီလိုဖြစ်မှသာ လူတွေအနေနဲ့ ဒီ currency တွေကို ပြန်ရောင်းတာမျိုး မလုပ်မှာ   ဖြစ်ပါတယ်။ ဥပမာ - ၅၀ ဆင့်မှာ သွန်းလောင်း စရိတ်က ၇၅ ဆင့် ဖြစ်နေရင် လူတွေက အရည်ကျိုဖို့ သွားရောင်းရင် မြတ်ပါတယ်။ အဲဒီအခါမှာ အဲဒီ ၅၀ ဆင့်ဟာ လူတွေလက်ထဲမှာ လည်ပတ်နေတဲ့ currency in circulation ထဲမှ လျင်မြန်စွာ ကွယ်ပျောက်သွားမှာ ဖြစ်ပါတယ်။
          ချက်လက်မှတ်နဲ့ဖြစ်စေ၊ ATM နဲ့ဖြစ်စေ အလွယ်တကူ ထုတ်ယူနိုင်တဲ့ အပ်ငွေတွေကို checkable deposits လို့ခေါ်ပါ တယ်။ သူတို့ဟာ စာရင်းရှင်အပ်ငွေတွေဘဲပေါ့။ လိုတဲ့အချိန်မှာ အချိန်မရွေး ထုတ်ယူနိုင်ပါတယ်။ demand deposits လို့လဲခေါ်နိုင်ပါတယ်။ အကြွေးပေးစရာရှိတာကို ချက်လက်မှတ်ရေးပြီး ပေးချေနိုင်ပါတယ်။ ပေးချေမှုတွေကို ချက်လက်မှတ်   ရေးပြီး  ပေးချေနိုင်ပါတယ်။ currency တွေအများကြီး ကိုင်စရာ၊ သယ်စရာမလိုဘဲ ကိစ္စပြီးပါတယ်။ ချက်လက်မှတ်ဟာ ဘဏ်ထဲမှာ အပ်ထားတဲ့ငွေတွေကို ပိုင်ဆိုင်မှု လွှဲပြောင်းလိုက်တာပါဘဲ။ ပြီးတော့ ဖလှယ်ရေး ကိရိယာ medium of exchange အဖြစ်လဲ လက်ခံကြတယ်။ အသေးအမွှား အရောင်းအဝယ်တွေကို ချက်လက်မှတ်နဲ့ လက်မခံပေမဲ့ အကြီးစား အဝယ်အရောင်းတွေမှာတော့ ချက်လက်မှတ် နဲ့ ပေးချေမှုပြုနိုင်ပါတယ်။ ပြီးတော့လဲ လူတွေအနေနဲ့ အလိုရှိလျင် ချက်လက်မှတ် ကို ငွေသားအဖြစ် ပြောင်းလဲနိုင်ပါ တယ်။ ဒီတော့ checking account deposits တွေကို currency နဲ့အတူ တကွ ငွေကြေးရဲ့ အကျဉ်းအဓိပ္ပါယ်ထဲထည့် ထားတာပါ။

Money M1 = currency + checkable deposits (current account deposits)
      
commercial banks ကူးသန်းရောင်းဝယ်ရေးဘဏ်တွေက အပ်ငွေလက်ခံတဲ့ အဓိက အဖွဲ့အစည်းတွေဘဲ ဖြစ်ပါတယ်။ သူတို့က အိမ်ထောင်စုတွေ၊ စီးပွားရေးလုပ်ငန်းတွေဆီက အပ်ငွေတွေကို လက်ခံတယ်။ လာမထုတ်မချင်း လုံခြုံအောင် သိမ်းထားပေးတယ်။ လာမထုတ်ခင် ကြားထဲမှာ   ချေးငွေတွေထုတ်ချေးတယ်။
အရေးကြီးတဲ့အချက်က ဗဟိုဘဏ်က ကိုင်ထားတဲ့ငွေတွေ၊ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေနဲ့ အခြားငွေစုငွေချေး အသင်းတွေက ကိုင်ထားတဲ့ ငွေတွေဟာ M1 ထဲမှာမပါ-ပါဘူး။ ဥပမာ- ဦးဖြူက ဘဏ်မှာ ငွေ ၁၀၀ ကျပ်ကို စာရင်းရှင်အနေနဲ့ အပ်ထားတယ်ဆိုရင် ဦးဖြူ အပ်ငွေ ၁၀၀ ကျပ်က M1 ထဲမှာပါ-ပါတယ်။ ဘဏ်က သိမ်းပေးထားတဲ့ ငွေ ၁၀၀ ကျပ်ကိုပါ M1 ထဲ ထည့်လိုက်ရင် money supply က ၂ဆ ဖြစ်သွားပါမယ်။ ဘဏ်ကကိုင်ထား၊ သိမ်းထားတဲ့ငွေတွေကို ထည့်မရေတွက်မှသာ  money supply ကို ရေတွက်ရာမှာ ၂ခါထပ် ရေတွက်ခြင်းမှ ရှောင်ရှား နိုင်မှာ ဖြစ်ပါတယ်။
နောက်တစ်ခါ အစိုးရနဲ့ဗဟိုဘဏ်ရဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်များမှာ အပ်ထားတဲ့ စာရင်းရှင် အပ်ငွေတွေကလဲ M1 ထဲမှာ မပါ-ပါဘူး။ ဒီလို မပါတဲ့အတွက် ပုဂ္ဂလိကကဏ္ဍ အတွက် ရနိုင်တဲ့ သုံးစွဲငွေ အလားအလာကို အကဲဖြတ်နိုင်ပါတယ်။ ပုဂ္ဂလိက ကဏ္ဍဖြစ်တဲ့ အိမ်ထောင်စုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အတွက် ရနိုင်တဲ့ ငွေပမာဏသည် ဗဟိုဘဏ်က ငွေကြေးဆိုင်ရာမူဝါဒ (monetary policy) ချမှတ်ရာမှာ အဓိက အရေးပါ-ပါတယ်။ 

ငွေကြေးအကျယ်အဓိပ္ပါယ် Money definition M2
ငွေကြေးရဲ့ အကျယ်အဓိပ္ပါယ်မှာ M1 နဲ့ များစွာသော near-monies တွေပါဝင်ပါတယ်။ near-monies ဆိုတာကတော့ ကြားခံဖလှယ်ရေးကိရိယာဆိုတဲ့ ငွေကြေးရဲ့ အခြေခံအကျဆုံး လုပ်ဆောင်ချက်ကို ပြည့်ပြည့်ဝဝ မလုပ်ဆောင်နိုင်တဲ့    ငွေသားဖြစ် ဖို့ခက်တဲ့ financial assets တွေဘဲ   ဖြစ်ပါတယ်။ near-monies တွေကို currency အဖြစ်သို့ဖြစ်စေ၊ checkable deposits အဖြစ်သို့    ဖြစ်စေ   ပြောင်းလဲဖို့   တော်တော် မလွယ်ပါဘူး။ near-monies ထဲမှာ ပါဝင်တာတွေကတော့   အောက်ပါ အတိုင်း  ဖြစ်ပါတယ် - 
(၁) ငွေစုဘဏ်အပ်ငွေ (saving deposits)
ငွေအပ်ထားသူက ဘဏ်မှာသွားရောက်ပြီး ငွေထုတ်ရပါတယ်။ ချက်လက်မှတ်နဲ့ ထုတ်လို့မရပါဘူး။ အပ်ငွေ အတွက် အတိုး ရပါတယ်။ ကိုယ်စားထုတ်ရင် ခိုင်လုံတဲ့ကိုယ်စားလှယ်လွှဲစာ ပါရပါတယ်။
(၂) အချိန်ဆိုင်းအပ်ငွေ (time deposits)
ငွေအပ်သူက အချိန်စေ့မှ ထုတ်လို့ရပါတယ်။ ဥပမာအားဖြင့် လူတစ်ယောက်က ၆ လ time deposits ကို အပ်ထားတယ်ဆိုရင် ၆ လစေ့မှ ထုတ်လို့ရပါမယ်။ သူ့ကို certificate of deposit လို့လဲခေါ်ပါတယ်။ ထုတ်ယူရတာ မလွယ်တဲ့အတွက် အတိုးနှုန်း မြင့်မြင့် ရပါတယ်။ အချိန်မစေ့ခင်   ငွေထုတ်ရင်တော့ severe penalty ထိမှာ ဖြစ်ပါတယ်။
(၃) လူတစ်ဦးချင်းစီ ကိုင်ဆောင်ထားတဲ့ ငွေကြေးဈေးကွက် စာချုပ်စာတမ်း ရှယ်ယာ ထည့်ဝင်ငွေများ (money market mutual funds held by individuals)
money market mutual funds (MMMFs) ကို mutual fund ကုမ္ပဏီက လုပ်ထားတာပါ။ mutual fund ကုမ္ပဏီတွေက လူတစ်ဦးချင်းစီရဲ့ ရှယ်ယာ ထည့်ဝင်ငွေတွေကို ပေါင်းပြီး အတိုးရတဲ့ ကာလတို ငွေကြေးဈေးကွက် စာချုပ်စာတမ်းတွေ ဝယ်ပါတယ်။ အဲဒီကရတဲ့ အတိုးငွေတွေကို money market mutual funds (MMMFs) မှာ စုပေါင်းရှယ်ယာ ထည့်ဝင်သူတွေကို ပြန်ပေးပါတယ်။ တနည်းပြောရရင် အဲဒီရှယ်ယာဝင်ထားသူတွေသည် ငွေကြေးဈေးကွက် စာချုပ်စာတမ်းများကို တွဲဖက် ပိုင်ဆိုင်ကြသူတွေပေါ့။ အဲဒီ ဝယ်ထားတဲ့ ကာလတို စာချုပ် စာတမ်းတွေ အချိန်စေ့မှသာ   ငွေထုတ် လို့ရတာပေါ့။ ဒီအထဲမှာ စီးပွားရေးလုပ်ငန်းတွေနဲ့ အခြားအဖွဲ့အစည်းတွေက ကိုင်ဆောင်ထားတဲ့ money market mutual funds တွေ မပါဝင်ပါဘူး။
အထက်ပါအမျိုးအစား (၃)ခုစလုံးဟာ ငွေဖြစ်လွယ်ဖို့ တော်တော်တန်တန် ခက်ပါတယ်။     
    
Money M2 = M1 + saving deposits + time deposits + MMMFs held by individuals
         
အချုပ်ပြောရရင် M2 ထဲမှာ ချက်ခြင်း ကြားခံဖလှယ်ရေးကိရိယာ အဖြစ် ပြုလုပ်နိုင်တဲ့   ငွေစက္ကူ၊   ငွေအကြွေ၊ နဲ့စာရင်းရှင်အပ်ငွေများ ပါဝင်ဖွဲ့စည်းထားတဲ့ M1 နဲ့ တကွ အဲဒီ ငွေစက္ကူ၊ ငွေအကြွေနဲ့ စာရင်းရှင် အပ်ငွေများအဖြစ် သို့ ပြောင်းလဲနိုင်တဲ့ near monies များ ပါဝင်ပါတယ်။
ဖတ်ရှုပြီး အကျိုးများနိုင်ပါစေ......။

မိုးမြန်မာ